တရားတော်များ အနှစ်ချုပ်

>> Tuesday, September 29, 2009

မြတ်စွာဘုရား၏ တရားတော်များအရ ဤ ခန္ဓာကိုယ် ကြီးသည် ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော ဟူသော မြေ၊ ရေ၊ လေ၊ အပူအအေး ဓာတ်လေးပါး အစုအဝေးသာ ဖြစ်ပါသည်။ ဓါတ်လေးပါး အစုအဝေးသည် “ရုပ်” ဖြစ်၍ ခံစားတတ်ခြင်းသည် “နာမ်” ဖြစ်ပါသည်။ ရုပ်၊ နာမ် နှစ်ပါးမှလွဲ၍ သူ၊ ငါမရှိပါ။ ရုပ်နာမ် နှစ်ပါးသည် အစဉ်သဖြင့် ဖြစ်လိုက်၊ ပျက်လိုက် ဖေါက်ပြန် ပြောင်းလဲ နေပါသည်။ ဤ ဖြစ်ပျက် ဖောက်ပြန်မှု သဘာဝကို အမှန်တရား “ငါ” စွဲ-မ-စွဲပဲ သိမြင်ခြင်းသည် ပညာသိ ဖြစ်ပါသည်။ ငါနာသည်၊ ငါကျင်သည်၊ ငါလှုပ်သည်ဟု “ငါ” စွဲနေခြင်းကို သညာသိဟု ခေါ်ပါသည်။ ယင်းကဲ့သို့ “ငါ” စွဲ စွဲနေခြင်းကို ပညာသိနှင့် ဖြုတ်ချရန် အတွက် တရားထိုင်နေခြင်း ဖြစ်သဖြင့် ဓာတ်ကြီးလေးပါး၏ လက္ခဏာ သဘာဝများကို သိရှိ၊ သဘောပေါက်ထားရန် လိုအပ်ပါသည်။

ပထ၀ီတည်းဟူသော မြေဓာတ် လက္ခဏာသည် ခက်မာခြင်းနှင့် နူးညံ့ခြင်းများ ဖြစ်ပါသည်။ တရားထိုင် သောအခါ ဖြစ်ပေါ်လာသော နာကျင်ကိုက်ခဲခြင်း တို့သည် ပထ၀ီဓာတ် ဖောက်ပြန်ခြင်း ဖြစ်သည်။ ယင်းဓာတ်၏ ဖောက်ပြန် ခြင်းသည် အခြားဓာတ် သုံးပါးထက် ပို၍ ပြင်းထန်ပါသည်။

အာပေါဓာတ် တည်းဟူသော ရေဓာတ် လက္ခဏာသည် ဖွဲ့စည်းမှုနှင့် ယိုစီးမှု လက္ခဏာများ ဖြစ်သည်။ ရေနှင့် ရေခဲသဘောမျိုး ဖြစ်သည်။ ပါးစပ်အတွင်းမှ သွားရေများ စီးထွက်ခြင်း၊ ချွဲကြပ်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ထွက်ခြင်း ချွေးထွက်ခြင်း တို့သည် အာပေါဓာတ် ဖေါက်ပြန်သော လက္ခဏာများ ဖြစ်သည်။

ဝါယော တည်းဟူသော လေဓာတ်၏ လက္ခဏာမှာ ထောက်ကန်ခြင်းနှင့် လှုပ်ရှားခြင်း အမူအရာ လက္ခဏာ ဖြစ်သည်။ တရားထိုင်နေစဉ် ခန္ဓာကိုယ်သည် ရှေ့နောက် သော်လည်းကောင်း၊ ဆန်ကောဝိုင်း ကဲ့သို့လည်းကောင်း၊ လှုပ်ရှားနေခြင်း၊ ခြေလက်အင်္ဂါများ ပရမ်းပတာလှုပ်ခြင်း၊ ခန္ဓာကိုယ်အတွင်း၌ လေမုန်တိုင်း တိုက်ခတ်သ ကဲ့သို့ ခံစားရခြင်း အစရှိသည့် လက္ခဏာများသည် ၀ါယောဓာတ် ဖေါက်ပြန်သော သဘော လက္ခဏာ ဖြစ်သည်။

တေဇော တည်းဟူသော အပူ အအေးဓာတ် လက္ခဏာသည် တရားထိုင်နေစဉ် အအေးခန်း ၀င်သကဲ့သို့ ခန္ဓာကိုယ် အေးလာခြင်း၊ နေပူထဲ လမ်းလျှောက် ရသကဲ့သို့ ခန္ဓာကိုယ် ပူလာခြင်း၊ မီးစနှင့် ထိုးသကဲ့သို့ တစ်နေရာတွင် ကွတ်၍ အပြင်းပူခြင်း၊ တစ်ကိုယ်လုံး မီးလောင်သကဲ့သို့ ပူလာခြင်း၊ ရေခဲတုံးကြီးပေါ် တက်ထိုင် နေရသကဲ့သို့ အေးတက်လာခြင်း အစရှိသည့် သဘော လက္ခဏာ များသည် တေဇောဓာတ် ဖေါက်ပြန်မှုများ ဖြစ်ပါသည်။

သို့သော် ၄င်းဖောက်ပြန်မှု များသည် ဘုရားဟော ဒေသနာများ အရ သင်္ခါရ သဘော၊ အနိစ္စ သဘောအရ၊ မမြဲဘဲ အမြင့်ဆုံးအထိ ဖေါက်ပြန် ပြီးလျှင် ချုပ်ပျက် ရမည်သာ ဖြစ်ပါသည်။ ရုပ်ဖေါက်ပြန်မှု ချုပ်ပျက်သကဲ့သို့ ခံစားရသော နာမ်သည် လည်း ရုပ်နှင့်အတူ တထပ်တည်း ချုပ်ပျက် ရပေမည်။ (မြတ်စွာဘုရား၏ နောက်ဆုံး မှာတမ်းကို ပြန်လည် ဖတ်ရှုပါက သဘောပေါက် ပေလိမ့်မည်။) ယင်းကဲ့သို့ ရုပ်နှင့် နာမ် တထပ်တည်း ချုပ်ပျက်သွားသော အဆင့်အထိ ဖေါက်ပြန်မှု ဝေဒနာ၏ စ/ လယ် / ဆုံးကို ရှုမှတ် သိရှိဘူးမှ သာလျှင် တရားယောဂီ အစစ်အမှန် ဖြစ်ပေလိမ့်မည်။ ယင်းကဲ့သို့ ရှုမှတ်ဖူးပါက အသေတတ် သွားပြီးဖြစ်ပြီး အပါယ် မလားတော့ပါဟု ဆရာတော် ဘုရားကြီးက တဖွဖွ အမိန့်ရှိပါသည်။

လူတိုင်း လူတိုင်းသည် တစ်နေ့ သောအခါ ဓါတ်လေးပါး အနက် တစ်ပါးပါးက ဦးဆောင် ဖောက်ပြန် သောကြောင့် ခန္ဓာကြွေပျက်ပြီး သေဆုံးရမည်မှာ အမှန်ပင် ဖြစ်သည်။ ရန်ကုန်မြို့ရှိ တစ်မြို့တည်း တွင်ပင် တစ်နေ့လျှင် ပျှင်းမျှလူ (၃၀)ကျော် သေနေပါသည်။ ရေဝေးသုဿန်၊ ထိန်ပင် သုဿန် အစရှိသော မီးသဂြိုလ်သော နေရာသို့ သွားရှုပါက ပိုသဘောပေါက် ပေလိမ့်မည်။

တရားစ ထိုင်သောအခါ ပထမဦးဆုံး ဦးဆောင်၍ ဖောက်ပြန်လာသော ဓာတ်သည်၊ မိမိကို သေရွာသို့ ပို့မည့်ဓာတ် ဖြစ်ပါသည်ဟု ဆရာတော် ဘုရားကြီးက အတိအလင်း ထင်ထင်ရှားရှား တဖွဖွ အမိန့်ရှိပါသည်။ ဆိုလိုသည်မှာ မိမိသေသောအခါ ထိုဓါတ်က ဖောက်ပြန်ပြီး သေဆုံးရမည် ဖြစ်သည်။ ထို့ကြောင့် တရားယောဂီတို့သည် ပထမ တရားထိုင်စဉ် မိမိဦးဆုံး တွေ့ကြုံရသော ဓာတ်သဘောကို နောကြေနေစေရန် အရေးကြီး ပါသည်။ ဖေါက်ပြန်မူ ဝေဒနာ၏ ဖြစ်စ၊ ဖြစ်လယ်၊ ဖြစ်ဆုံးကို ရူမှတ် သိရှိထားလျှင် အပါယ်ဘေးမှ မုချ ကင်းဝေး နိုင်ပါသည်ဟု ဆရာတော် ဘုရားကြီးက ရဲရဲ အာမခံ အမိန့်ရှိခဲ့ ပါသည်။

သေခါနီးဆဲဆဲ ဓာတ်ကြီးလေးပါး ဖေါက်ပြန် သောအခါ ခံစားမူ ဝေဒနာဟု ပညာသိဖြင့် မသိဘဲ၊ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ ငါပူတယ်ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင် မုချ အပါယ်လေးပါး ကျပေလိမ့်မည်။ သေခါနီး ဆဲဆဲတွင် သုခဝေဒနာ၊ ဥပေက္ခာ ဝေဒနာများ လာမည်မဟုတ်ဘဲ အသက်ခန္ဓာကို ချွေဖျက်မည့် ဓာတ်လေးပါး ဖေါက်ပြန်မူ ဒုက္ခဝေဒနာသာ၊ လာပေလိမ့်မည် ဆိုသည်ကိုအမြဲ သတိပြုပါလေ။

ထို့ကြောင့်ပင် မြတ်စွာဘုရားက သုဂတိ ဘုံသားများ ကမ္ဘာမြေမူန့် အရေအတွက်လောက် သေလျှင် လက်သည်းခွံ ပေါ်မှာရှိသော မြေမူန့် အရေအတွက် လောက်သာ သုဂတိဘုံကို ပြန်ပြီး ရောက်ရပေမည်ဟု “နခသိခသုတ်”တွင် အထင်အရှား ဟောကြားတော် မူခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် များစွာသော လူတို့သည် ဓာတ်လေးပါး ဖောက်ပြန်မှု ဝေဒနာ ဒုက္ခကို အမှန် ပညာသိဖြင့် မသိဘဲ အမယ်လေး၊ အဘလေး၊ ကယ်ပါ၊ ယူပါဟု အော်ဟစ်ကာ ဒေါသစိတ် - သညာသိ နှင့် သေကြသဖြင့် အပါယ်လေးပါးသို့ လားရပေသည်။ မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ်၊ အစရှိသည် များသည် မရှိသော တရားများ ဖြစ်သည်။ မရှိကို အရှိထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာ လဆန်းတစ်ရက်နေ့ ကတည်းက အမည် သညာများနှင့် ခေါ်ဝေါ်နေခြင်း ဖြစ်သည်။ ထိုအရာ အားလုံးသည် ဝေဒနာနာမ်၏ ခံစားသော သဘော တစ်ခုတည်းဟု အမှတ်ပြုပြီး ပညာသိဖြင့် သိနေရမည်ဟု ဆရာတော် ဘုရားကြီးက ထပ်ခါတလဲလဲ မိန့်ကြား ဆုံးမတော် မူခဲ့ပါသည်။

သဲအင်း ယောဂီမှန်လျှင် တရားအားထုတ်စဉ် ပေါ်လာသော ဓါတ်ကြီးလေးပါး ဖောက်ပြန်မူ ဒုက္ခဝေဒနာမှ လွတ်မြောက်ရာသို့ တရားဟော ဒေသနာတော်နှင့် အညီ ဟုတ်တိုင်း မှန်စွာ ပညာသိနှင့် သိနေစေရန် မသေမီကပင် အလေ့အကျင့် လုပ်ပြီး သူများ ဖြစ်ရပါမည်။ ထို့ကြောင့် သဲအင်းယောဂီတွေ ဘာအကျင့်ကို ကျင့်ကြံ အားထုတ်သလဲဟု မေးလာလျှင် အသေတတ်ဖို့သာ ကျင့်နေကြတယ်ဟု ပြန်ဖြေ ပေတော့ဟု ဆရာတော် ဘုရားကြီးက မိန့်တော် မူခဲ့ပါသည်။

(တရားတော်များ အကျယ် နာလိုလျှင် ဆရာတော်ကြီး၏ မြောက်ဥက္ကလာပ တရား၊ တောင်တွင်းကြီး တရား အစရှိသော တရားခွေများကို နာပါ)


http://theinngu.org/content/view/15/31/

0 comments:

About This Blog

Lorem Ipsum

  © Free Blogger Templates Skyblue by Ourblogtemplates.com 2008

Back to TOP